ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား

Posted by ချမ်းငြိမ်း-မှော်ဝန်း on 3:33 PM with No comments


 ကြောက်တတ်တဲ့ အစုမှာလား၊

ဖေါက်ထွက်မယ့် အစုမှာလား။

(သပြေသီးကောက်)
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လဲကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။ (မင်းသုဝဏ်)
ဒီကဗျာလေးကို လူတိုင်းနီပါး ကြားဖူးကြပါလိမ်မည်။
ဆရာမင်းသုဝဏ် ရဲ့ ကလေးကဗျာ တပုဒ်အဖြစ်
လူတော်တော်များများ ရွတ်ဆိုဖူးကြပါလိမ့်မည်။
ဒါပေမယ့် ဒီကဗျာလေးရဲ့ လေးနက်တဲ့ သဘောတရားကို ဂရုပြုမိသူကတော့
သိပ်များလှမယ် မထင်ပါဘူး။
ကျနော်ဂရုပြုမိသည်မှာလည်း မကြာသေးပါ။
အတိအကျ ဆိုရလျှင် ဆရာဦးအောင်ကြည်ညွန့်
( CRPH ဥက္ကဋ္ဌ) နဲ့ တွေ့ဆုံစဉ်က ဒီကဗျာလေးကို
ဆရာ ရွတ်ပြ ဖွင့်ဆိုမှုကြောင့် ဟု ပြောရပါမည်။
ဆရာက (NLD) ပါတီဖြတ်သန်းမှု ခရီးကြမ်းနဲ့
နှိုင်းယှဉ်ပြခဲ့ခြင်း ဖြစ်ပါသည်။
အဲဒီ နောက်ပိုင်းမှာ ဒီကဗျာလေးကို ကျနော်
မကြာခဏ ရွရွလေး ရွတ်ဆိုမိပါသည်။
ဒီအခါ နွေဦးတော်လှန်ရေးနဲ့ နှိုင်းစပ်မိပါသည်။
ဒီအချိန်ဟာ ဝါဆိုဝါခေါင် ရေတွေကြီးသလို
တော်လှန်ရေးလှိုင်းတွေ ထကြွနေတဲ့ ကာလဖြစ်ပါသည်။
သပြေသီးမှည့်လို ကျနော်တို့ လိုချင်တဲ့
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို
လူတိုင်း ကမ်းလင့်နေကြပါသည်။
ဒါပေမယ့် လူစု နှစ်စု ကွဲထွက်လာပါသည်။
မျှော့နက် ကြောက်တဲ့ အစုနဲ့
မျှော့နက်မှ မဟုတ် မြွေနဂါးလည်း မကြောက်ဘူး။
အဲဒီအတွက် သူပိုင်ဆိုင်တဲ့ အုန်းလက်နွားလေးတောင် ထားခဲ့ဖို့ ဝန်မလေးတဲ့ အစုတို့ ဖြစ်ပါသည်။
ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ချီတတ်ရမယ့်
တော်လှန်ရေးခရီးဟာ ကြမ်းတမ်းပါသည်။
ခရာဆူးချုံလည်း ဖြတ်ရပါမည်။
မျှော့နက်မဲကြီးနဲ့လည်း ရင်ဆိုင်ရပါမည်။
ပိုင်ဆိုင်မှုတွေလည်း စွန့်လွှတ်ရပါမည်။
ဒီနွေဦးတော်လှန်ရေးမှာ အဲဒီနှစ်စုလုံးကိုတွေ့ရပါသည်။
ကျနော်တို့ ဘယ်အစုထဲမှာပါနေပါသလဲ။
ကြောက်တတ်တဲ့ အစုမှာလား။
ဖေါက်ထွက်မယ့် အစုမှာလား။
Categories: ,