ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More
Showing posts with label Literature. Show all posts
Showing posts with label Literature. Show all posts

ဆောင်းမှတ်တမ်း


ဆောင်းမှတ်တမ်း

---------------

အလင်းမှုန်တွေ မှုန်မှိုင်းနေတဲ့ဒီဇင်ဘာဟာ
ဆောင်းကို သိမ်းပိုက်ဖို့
ရေခဲစစ်သည်တွေနဲ့ ချီတက်လာတယ်။
အလင်းထောင့်ချိုးတွေ ကျဉ်းမြောင်းလာတဲ့အခါ
မိသားစုတွေ နွေးထွေးဖို့
လူတချို့ဟာ နှင်းတောထဲမှာ အလင်းရှာထွက်ကြ၊
တချို့ အလုပ်ဆင်းရဦးမတဲ့၊
တချို့ အလုပ်နားလို့ မရဘူးတဲ့။
အလုပ်သမားတွေရဲ့ သက်ပြင်းချသံမှာ
ကိုယ်ခန္ဓာက ရေငွေ့တွေ ပါသွားတယ်။

ဦးတည်ရာမသိရတဲ့ ခရုပတ်သဏ္ဍာန်
လေထုနဲ့ နှင်းရနံ့သင်းသင်း နမ်းရှိုက်ခံလိုက်ရတဲ့
နောက်ဆုံးလက်ကျန်
သစ်ရွက်လေးဟာ တုန်ရီဖျော့တော့စွာ
တွဲခိုနေရှာ၊
ကောင်းကင်မှာ လွှင့်မျောနေတဲ့ ရေခဲတောင်ကြီးဟာ
မိုးအဖြစ်၊ နှင်းအဖြစ်
လက်နက်ပုန်းတွေလို ပစ်လွှတ်လာမှာ
သူစိုးရိမ်နေရှာပုံရတယ်။
ဒီဇင်ဘာဆောင်းညမှာ ငွေနှင်းမှုန်ရဲ့
အလင်းယဲ့ယဲ့ဟာ အားနွှဲ့နေရှာတယ်။
တံစက်မြိတ်မှာ ခိုတွဲလာတဲ့ မိုးစက်တချို့ဟာ
ခဏချင်းမှာပဲ အေးစက်စက် ဒါးတလက်လို
ထက်မြတောက်ပလာတယ်။
နှင်းတွေကို ထမ်းပိုးထားတဲ့ ငါ့အိမ်ရှေ့က
နှင်းဆီပင်ပျိုလေးဟာ
ကတိမ်းကယိမ်းနဲ့ သူ့အိန္ဒြေကို ထိန်းဖို့ မတတ်နိုင်ရှာဘူး။

White River မြစ်ရေတွေ ခဲသွားတဲ့အခါ
ငါးတွေ အချမ်းလုံအောင် ဘယ်လိုစောင်ခြုံအိပ်ကြသလဲလို့
မဆိုင်တာ ငါတွေးရင်း
ငါနဲ့ဆိုင်တဲ့ ဗမာပြည်က စစ်ဘေးရှောင်ကလေးတွေ
ဘယ်လို အိပ်ကြသလဲပါ တွေးမိတော့
ငါ့စိတ်တွေ မှုန်မှိုင်းအေးခဲ သွားရတယ်။
ဧရာနဲ့ ချင်းတွင်း သံလွင်မြစ်ရေတွေ
နွေးပါစေလို့ ငါဆုတောင်းမိတယ်။
အသက်ရှုထုတ်လိုက်တဲ့အခါ
ငါ့စိတ်ဟာ အခိုးအငွေ့တွေအဖြစ်
ငါနဲ့ဝေးရာကို လွှင့်ပါးသွားကြတယ်။

ချမ်းငြိမ်း-မှော်၀န်း
#CN
12/22/2022

ကျနော်တို့မြို့လေးရဲ့ ဆောင်းဦးမှတ်တမ်း

 


ကျနော်တို့မြို့လေးရဲ့ ဆောင်းဦးမှတ်တမ်း

---------------------------
ဒီနှစ်ဆောင်းက ကျနော်မြို့လေးဆီကို ယုန်တကောင်ပြေးလွှားသလို၊
တိုးရစ် ဇာတ်ကားထဲမှာ
အင်ဒီယာနာဂျိုးလီ ရဲ့ ကင်မရာကိုကျောပေးပြီး
လမ်းလျှောက်ပုံလို၊
ဆောင်းဦးဟာ အပူချိန် နိမ့်တုံ မြင့်တုံနဲ့ ရောက်လာခဲ့တယ်။
သစ်ရွက်စိမ်းစိမ်းတွေဟာ သတိမထားမိစဉ်မှာပဲ
ကလေးငယ်တယောက်ဆွဲတဲ့ ပန်းချီကားတချပ်လိုဖြစ်သွားတယ်။
တခါတခါ ကျနော်အမည်မသိတဲ့ ငှက်တအုပ်ဟာ
နီညိုရောင် တိမ်တိုက်တခုလို အလင်းမဖေါက်အောင် စုစုစည်းစည်းလွှင့်မျောလာတတ်တယ်။
ကျနော်စဉ်းစားမိတယ်။
ရိုးတံကျဲကျဲ ဆောင်းမှာ သူတို့ ဘယ်မှာအသိုက်ဖွဲ့ကြသလဲပေါ့။
ဒီအရပ်မှာ ထင်းရူး၊ မေပယ်နဲ့ ဝက်သစ်ချကလွဲရင် ကျန်တာကျနော်မသိတဲ့ အပင်တွေချည်း။
ဆောင်းဦးမှာ ဒီအပင်တော်တော်များက
လိပ်ပြာတွေ ပင်လုံးပြည့် နားနေသလို၊
သင်္ကြန်မိုးတပြိုက်ကျအပြီး ငုနဲ့ ပိတောက်ပန်းတွေ ပင်လုံးပြည့်ပွင့်နေသလို၊ တချို့အပင်တွေက
မီးတောက်တွေ လျှံထွက်နေသလို မြင်ရတယ်။
အဲဒါက သိပ်တော့ မကြာလှဘူးရယ်။
ဆောင်းဦးလေပြင်းတွေက ရေခဲမြားတွေလို
သူတို့အပေါ် ကျရောက်လာတဲ့အခါ၊
လိပ်ပြာတွေလွှင့်ပျောက်၊ ပန်းတွေမြေခ၊
မီးလောင်ကျွမ်းပြီးစ မြင်ကွင်းကို မြင်ရသလို
ရိုးတံကျဲကျဲနဲ့ အကျည်းတန်သွားတော့တယ်။
အအေးဒဏ်ကြောင့် ကန်ရေပြင်တွေက အပျိုစင်တယောက်ရဲ့
ရင်သားလို တင်းတင်းရင်းရင်းဖြစ်လာတဲ့အခါ
ဘဲငန်းတွေက ကျနော့်သူငယ်ချင်းတယောက်
မူးပြီးသီချင်းဆိုသလို စည်းချက်မကျတဲ့
ဂီဂီဂေါ်ဂေါ် အသံပေးပြီး အိန္ဒြေကြီး
တခွဲသားတွေနဲ့ ကားလမ်းတွေပေါ်
မီးရထားတွဲကြီးခုတ်မောင်းသလို တန်းစီပြီး လမ်းသလားကြတယ်။
အဲဒါ အတော်မုန်းစရာကောင်းတယ်ဗျ။
သူတို့ လမ်းသလားချိန်မှာ အစိုးရယာဉ်တန်းနဲ့
တွေ့သလို ကျနော်တို့ကားတွေက ရပ်ပေးကြရတယ်။
ဒီနှစ်ဆောင်းဦးမှာ နှင်းတွေက ၁၀ လပိုင်းမှာ
အလစ်ငိုက်ဝင်တိုက်ခိုက်လာတယ်။
ကြည့်လိုက်ရင် စံပယ်ပန်းတွေဖြူဖြူလွှလွှ
လွင့်မျောနေသလို ထင်ရပေမယ့်
အမျိုးသမီးတယောက် ဒေါသထွက်နေတဲ့အကြည့်လို အေးစက်စက်နဲ့ စူးရဲလှတယ်။
ရေခဲမှတ်အောက်ရောက်နေတဲ့ အပူချိန်ဒီဂရီမှာ
နှင်းစက်တွေ အနမ်းခံရတဲ့အခါ သူ့အထိအတွေ့က ပါးပြင်ကနေ ခြေသန်းလေးအထိ 
အအေးဓါတ်ခံစားမှုက သက်ရောက်တယ်။
အလင်းဖေါက်တဲ့ ပြတင်းကနေ နောက်ဖေးနှင်းမြေပြင်မှာ 
ရှဉ့်ကောင်လေးတွေ နှင်းနဲ့ဆော့ကစားတာကို ချောင်းကြည့်ရတာ အရသာတမျိုးဗျ။
ဒီကောင်တွေက ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက် ရင်ဘက်ကပ်ပြီး
လုပ်ခုပ်တီးသလို လုပ်နေပုံက ချစ်စရာကောင်းလှတယ်။
နှင်းလွှမ်းနေတဲ့ညရဲ့ အရောင်ဟာ ငွေရောင်လဲ့လဲ့။
ဆောင်းဦးကို ကျနော်မကြိုက်တာတခုက
ကျနော့် ချဉ်ပေါင်ခင်းတွေခဗျာ စုန်းစုပ်သလို
ရိုးတံနီနီလေးတွေ တွန့်လိမ်ညွှတ်ကျသွားရလို့ပဲ။
ကျနော်တို့ မြို့လေးရဲ့ ရာသီဥတုကိုခန့်မှန်းရတာက
ကမ္ဘာ့ဖလားပွဲ ခန့်မှန်းရသလို ခက်လှတယ်။
ဆောင်းဦးဟာ ဆင်တကောင်ရဲ့ ခွန်အားနဲ့ ကျိုးနွံမှုလို
အပူချိန်ဒီဂရီဟာ အချိုးမကျလှ။
ဒီမြို့လေးရဲ့ ဆောင်းဦးဟာ အရမ်းလှတယ်။
ပြီးတော့အရမ်းလည်း အကျည်းတန်တယ်။
အရမ်းလည်း ချစ်စရာကောင်းတယ်။

ချမ်းငြိမ်း-မှော်၀န်း
#CN
11/24/2022 

စာမဖတ်ပဲ လက်နက်ကိုင်ရင် လူမိုက်


 စာမဖတ်ပဲ လက်နက်ကိုင်ရင် လူမိုက်

အမေရိကန်ပြည်ထောင်ဟာ
အေဗရာဟင်လင်ကွန်း လက်ထက်မတိုင်ခင်မှာ လူဖြူတွေဟာ လူမဲတွေကို ကျွန်အဖြစ်
ရက်စက်စွာ ဖိနှိပ်ခဲ့ပါသည်။
လူမည်းတွေကို စာမတတ်အောင်ထားကြသည်။
စာဖတ်တဲ့ လူမည်းတွေကို နှိပ်စက်သည်။
လူဖြူ သခင်တွေဟာ လူမည်းကျေးကျွန်တွေ စာတတ်သွား မှာကို သိပ်စိုးရိမ်ကြသည်။
ဒေါ့ခ်ဒေါင်ဒီဆိုတဲ့ လူမည်းတယောက်၏
ဖွင့်ဟချက်၌
''ခင်ဗျားစာရေးနေတာ စာဖတ်နေတာကို ခင်ဗျားသခင် တွေ့ သွားရင် 
ပထမအကြိမ် နွားသားရေပြားနဲ့ အရိုက်ခံရမယ်။
ဒုတိယအကြိမ် ကျာပွတ်နဲ့ အရိုက်ခံရမယ်။
တတိယအကြိမ် လက်ညှိုးအဖြတ်ခံရမယ်'' ဟူ၏။
စာဖတ်တယ်ဆိုတာ ကျွန်တွေအလုပ်မဟုတ်ဘူး
လို့ လူဖြူ သခင်တွေက သတ်မှတ်ထားကြသည်။
စာအုပ်တွေဖတ်ရင်လည်း ကျွန်စိတ်ပျောက်သွားမယ်ဆိုတာ သူတို့က သိသည်။
အဲဒီအတွက် ကျွန်တွေ စာဖတ်မှာ တွေးကြောက်သည်။
ကျွန်အချင်းချင်းစာပြန်သင်ပေးတာ မြင်ရင်
အမေရိကန်တောင်ပိုင်းမှာ သေဒဏ်အထိအပြစ်ပေးကြသည်။
--------------
ကျနော်တို့ တိုင်းပြည်မှာလည်း အလားတူပါပဲ။
စစ်အုပ်စုဟာ လူတွေစာဖတ်မှာ သိပ်စိုးရိမ်ကြပါသည်။
အဲဒီအတွက် သူတို့နည်းမျိုးစုံနှင့် ကြိုးပမ်းကြပါသည်။
စာဖတ်တာ အပြစ်မယူကြသော်လည်း
စာရေးသူတွေကို အကြောင်းရှာပြီး
ဖမ်းဆီးထောင်ချခဲ့ကြသည့် သာဓကများစွာ ရှိပါသည်။
စာတွေကို ဆင်ဆာအမျိုးမျိုးနဲ့ ဖြတ်တောက်ပုံဖျက်ကြပါသည်။
နောက်ဆုံးအဆင့် စာဖတ်တဲ့သူတွေအပေါ်
ပြစ်တင်ရှုံ့ချတဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးပါသည်။
ကျနော်တို့ တိုင်းပြည် စစ်ကျွန်သက်ရှည်ရခြင်းမှာ
လူတွေစာမဖတ်ခြင်းဟာ အကြောင်းတခုဖြစ်သည်ဟု ဆိုချင်ပါသည်။
" မိုင်တထောင် ခရီးသွားသော်လည်း စာမဖတ်ရင်
စာပို့သမားမျှသာ" ဟု
သိုးဆောင်းစကားပုံတခု ကြားဖူးပါသည်။
ကနေ့ တော်လှန်ရေးကာလမှာ စာများများဖတ်ဖို့လိုပါသည်။
ကမ္ဘာမှာ အောင်မြင်တဲ့ တော်လှန်ရေးသမားများသည်
စာအလွန်ဖတ်သူများ ဖြစ်ပါသည်။
လက်နက်ကိုင်ပြီး စာမဖတ်တဲ့
"မအလ စစ်ခွေးလူမိုက်တို့ များလှပါသည်။"
စာမဖတ်ဘဲ သေနတ်ကိုင်ရင် လူမိုက်သာဖြစ်မည်။

05/07/2022
#CN

နွားတွေ ဘယ်တော့မှ အသိဉာဏ်ရှိမည်မဟုတ်


 နွားတွေ ဘယ်တော့မှ အသိဉာဏ်ရှိမည်မဟုတ်

------------------
တခါက ကိုလံဘီယာနိုင်ငံထုတ် သားရေပစ္စည်းတွေ ဈေးကွက်မှာ
ဘာကြောင့် ဈေးကောင်းမရလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာမှုတခု လုပ်ကြသည်။
ပထမဆုံး သားရေပစ္စည်းလုပ်ငန်းရှင်များထံ
သွားရောက်မေးမြန်းရာ
"စက်ရုံလုပ်သားတွေ အသုံးမကျလို့" ဟုဖြေသည်။
စက်ရုံလုပ်သားတွေထံ သွားရောက်မေးမြန်းကြသည်။
သူတို့က " သားသတ်ရုံက လူတွေကြောင့်" ဟု ဆိုသည်။
သားသတ်ရုံတွေဆီ မေးမြန်းသည့်အခါ
"နွားခြံပိုင်ရှင်တွေကြောင့်" ဟုဆိုပြန်သည်။
ဒီတခါတော့ ကိစ္စပြတ်ပြီ အဖြေပေါ်ပြီဟု တွက်ကြသည်။
သို့နှင့် နွားခြံတွေဆီ သွားရောက်မေးမြန်းကြသည်။
ထိုအခါ နွားခြံပိုင်ရှင်တွေက တိုတိုပြတ်ပြတ် ဖြေကြသည်မှာ
" နွားတွေဗျ နွားတွေ သူတို့ အသိဉာဏ်မရှိလို့ " ဟူ၏။
ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့သမျှအရာရာအားလုံးသည်း
နွားတွေကြောင့်ဟုသာ ဆိုရမည်သာ။
သို့သော် ...
"နွားတွေဗျ နွားတွေ၊ နွားတွေအသိဉာဏ်မရှိလို့" ဟု ဆိုရုံဖြင့် ပြဿနာ ပြီးမည်မဟုတ်ပါ။
နွားတွေကတော့ ဘယ်တော့မှ အသိဉာဏ်ရှိလာမည် မဟုတ်ပါ။

02/01/2022

သွေးထိုးခြင်းနှင့် အစွဲ


 သွေးထိုးခြင်းနှင့် အစွဲ

-----------------
"ဒီမိုကရေစီခေတ်မှာ မကျေနပ်ရင် ဝန်ကြီးချုပ်အိမ်ရှေ့မှာ သွားကော်ဆဲလို့ ရတယ်" ဟူ၍
ကြေးမုံ ဦးသောင်း ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ
ဖတ်ဖူးပါသည်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း
ကိုယ့်အိမ်ထဲ ကိုယ်နေရင်တောင် အပြစ်ရှိတယ်လို့
သူတို့ ထင်ရင် ထင်သလို သတ်မှတ်ကြသည်မှာ
ကနေ့ အချိန်ထိဖြစ်ပါသည်။
ကျနော်တို့ငယ်ငယ်ကတည်းက ကြားဖူးတာတခုရှိပါသည်။
BBC သွေးခွဲသည်၊
VOA သွေးထိုးသည်၊
RFA ဘာဖြစ်သည် ညာဖြစ်သည် စသည်တို့ ဖြစ်ပါသည်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို
သွေးထိုးသည်၊ သွေးခွဲသည် စသည်ဖြင့်
"ပရိုကရေးတိစ်" "စံ" မျိုးနဲ့ ကန့်သတ် ပိတ်ပင်ပါသည်။
"ပရိုကရေးတိစ်" စံ ဆိုတာက
ရှေးဂရိခေတ်က ဓါးပြကြီးတဦးရှိသည်။
သူ့အမည်က "ပရိုကရေးတိစ်"။
သူက ဖမ်းမိလာတဲ့သူတွေကို ထူးထူးဆန်းဆန်း
"စံ" တခုထား၍ နှိပ်စက်လေ့ရှိသည်။
ဖမ်းမိလာတဲ့သူတွေကို ကုတင်တခုပေါ် လှဲအိပ်ခိုင်းသည်။
ခုတင်ထက် အရပ်ရှည်သူကို ခြေထောက်ဖြတ်ပစ်သည်။
ခုတင်ထက် အရပ်နိမ့်သူကို ခြေထောက်ဆွဲဆန့်သည်" ဟူ၍။
သွေးထိုးသည်။ သွေးခွဲသည် စသည့်စကားလုံးများသည်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို
ဆိတ်သုဉ်းစေသော စစ်အုပ်စု၏ အနုလက်နက် တခုဟု ကျနော်သတ်မှတ်ပါသည်။
လူတော်တော်များများသည် ထိုအင်မတန်ကြောက်စရာကောင်းသော ရန်သူ့လက်နက်ကို
ညီညွတ်ရေးဟူသော အကြောင်းပြချက်ဖြင့်
ယူငင်သုံးစွဲနေကြပါသည်။
ရန်သူသုံးတုန်းက မတရားဟု သတ်မှတ်ထားလျှင်
မိမိသုံးလျှင်လည်း တရားသည်ဟု ဆိုနိုင်မည်လော။
အခုအချိန်မှာ ကျနော်တို့ ပြည်သူ့အစိုးရ
NUG ကို ကျနော်တို့ ကူညီဖို့ လိုသလို
ထင်မြင်ချက်တွေလည်း
ပေးခွင့်ရှိသည်ဟု ထင်ပါသည်။
ထိုသို့ မဟုတ်ဘဲ အားလုံးကောင်းပါသည်ခင်ဗျာ။
အားလုံးမှန်ပါသည် ခင်ဗျာ ပဲပြောရမယ်ဆိုရင်
ကျနော်တို့ လူနဲ့ မူကို "ဘူးလုံးနားမထွင်း" ဖြစ်လို့ပဲဟု ဆိုချင်ပါသည်။
ကျနော်တို့ဆီမှာ စစ်အုပ်စုအမွေပေးလိုက်တဲ့
အစွဲတွေမပြုတ်သေးဘူးလား။
ကျနော်တို့ လွယ်လွယ်လေး သွေးကွဲရအောင်
သူများပါးစပ်နဲ့ လမ်းဆုံးနေကြတဲ့သူတွေလား။
ကျနော်တို့ လိုချင်တာ ဘာလဲ။
02/03/2022

စုပေါင်းစွမ်းအား


 စုပေါင်းစွမ်းအား

---------------
ဆောင်းဦးပေါက်ရောက်တဲ့အခါတိုင်း တောင်အရပ်ဆီကို
ဦးတည်ပျံသန်းသွားကြတဲ့
ဗျိုင်းအုပ်တွေကို တွေ့ဖူးကြပါလိမ့်မည်။
ခပ်မြင့်မြင့်ကနေ အင်္ဂလိပ် (V) အက္ခရာပုံနဲ့
အုပ်စုဖွဲ့ပြီး ပျံသန်းလေ့ရှိကြတာ သတိထားမိကြမှာပါ။
အသိဉာဏ်နိမ့်ပါးလှတဲ့ တိရိစ္ဆာန်တွေမို့
ဒါဟာ ကြုံသလိုပျံကြတယ်လို့ မထင်ပါနဲ့။
ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ
အခုပုံသဏ္ဌာန်နဲ့ ပျံသန်းတာဟာ
သူတို့အတွက် အကျိုး (၅) မျိုးရရှိစေပါသည်။
(၁) တကောင်းချင်း ပျံတာထက် အခုလို အုပ်စုဖွဲ့ပြီး
(V) ပုံသဏ္ဌာန် ပျံတာဟာ (၇၁) ရာခိုင်နှုန်း ပိုမိုခရီးတွင်သည်။
( ရှေ့ဆုံးက ဗျိုင်းရဲ့ တောင်ပျံခတ်ချက်ကြောင့်
ဖြစ်ပေါ်လာတဲ့ လေဟုန်ကို နောက်က အကောင်က အသုံးချနိုင်တာကြောင့်)
(၂) ရှေ့ဆုံးက ဦးဆောင်ပျံသန်းနေတဲ့ ဗျိုင်း
မောလာရင် နောက်ကိုအသာဆုတ်ပြီး
သူ့နောက်က ဗျိုင်းကို အစားထိုးသည်။
( ပုံသဏ္ဌာန်ရော ခေါင်းဆောင်မှုပါ မပြတ်)
(၃) နောက်က ဗျိုင်းတွေရဲ့ အော်သံဟာ
ရှေ့က ဦးဆောင်ပျံသန်းသူအတွက်
ခွန်အားဖြစ်စေတယ်။
( ဗျိုင်းတွေရဲ့ အသံဟာ အလကားအော်သံမဟုတ်
ခရီးရှည်အတွက် အားပေးကြွေးကြော်သံ ဖြစ်နိုင်)
(၄) ဗျိုင်းတကောင်ဟာ အကြောင်းတခုခုကြောင့်
အုပ်စုအပြင်ဘက်ကိုရောက်ရင်
အမြန်ဆုံး သူ့နေရာ ပြန်ဝင်တတ်သည်။
( တကောင်ချင်းပျံတာထက် အုပ်စုလိုက်ပျံသန်းရခြင်းရဲ့
အကျိုးကို သိရှိထားတာကြောင့်)
(၅) တကယ်လို့ ဗျိုင်းတကောင်ဟာ
ဒဏ်ရာရလို့ဖြစ်စေ၊ အကြောင်းတခုခုကြောင့်
နောက်ကျ ကျန်ရစ်ခဲ့လျှင်
အခြားဗျိုင်းနှစ်ကောင်က အုပ်စုကခွဲထွက်ပြီး
သူ့ဘေးနှစ်ဖက်မှ ခြံရံပြီး ဖေးမ ပျံတယ်။
သူကျမ်းမာ မှ (ဒါမှမဟုတ်) သေဆုံးမှ
အဖွဲ့ ပြန်ပူးပေါင်းသည်။
( ရဲဘော် ရဲဘက်စိတ်ဓါတ်၊ သစ္စာတရား)
ကျနော်တို့ လူတွေထက် အသိဉာဏ် နိမ့်ပါးတဲ့
ဗျိုင်းတွေဟာ စုပေါင်းစွမ်းအားကို
အသုံးချပြီး သူတို့လိုရာခရီးကို ချီတတ်ကြပါသည်။
ကျနော်တို့ အနေနဲ့ ညီညွတ်မှု (စုပေါင်းစွမ်းအား) ကို
အလေးဂရုပြုဖို့ လိုပါသည်။
စစ်အုပ်စုရဲ့ အင်အားက ဘာလဲ။
ကျနော်တို့ အင်အားကဘာလဲ။
အားမနာတမ်းပြောရရင် စုပေါင်းစွမ်းအားနေရာမှာ
ကျနော်တို့ စစ်အုပ်စုကို ဘယ်တုန်းကမှ မမီခဲ့ပါ။
တဦးအနေနှင့် ကျနော်တို့ အသာရနိုင်တဲ့
စွမ်းအားတွေ ရှိသည့်တိုင်
စစ်အုပ်စုကို ကျနော်တို့ ဘယ်တုန်းကမှ
အသာစီး မထိုးနှက် နိုင်ခဲ့ပါ။
အကြောင်းက ရှင်းပါသည်။
ပြဿနာကို သိကြပါသည်။
ပြဿနာ ဖြေရှင်းနည်း ကိုလည်းသိကြပါသည်။
သို့သော်
ပြဿနာ ဖြေရှင်းတဲ့ အလုပ်ကို
စုပေါင်း မလုပ်နိုင်ကြခြင်း ဖြစ်ပါသည်။
သဘောတရား နဲ့ ပြဿနာကို ဘယ်ဟာ
အရင်ရှင်းမလဲဆိုတာကို အငြင်းပွားရင်း
ပြဿနာ ကိုလည်း မရှင်းနိုင်၊
သဘောတရားကိုလည်း မဆွေးနွေးနိုင် ဖြစ်နေကြလို့ပါ။
ထား၊ ဒီအကြောင်း နောက်မှ တင်ပြပါမည်။
ကနေ့ နွေဦးတော်လှန်ရေးနှင့်
စုပေါင်းစွမ်းအား အကြောင်းပြောပါမည်။
ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ၊
အားရသည်ဖြစ်စေ၊ အားမရသည်ဖြစ်စေ
ဒီတော်လှန်ရေးကို ဦးဆောင်ပျံသန်းနေတာ
(NUG) ဖြစ်သည်ကို ဘယ်သူမှ မငြင်းနိုင်ပါ။
အဲဒီဦးဆောင်မှုအောက်ကနေ လိုက်ပါမည်ဆိုလျှင် ကျနော်တို့ လိုရာပန်းတိုင်ကို
အမြန်ဆုံး ရောက်မည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်ငါးချက်အရ
(၁) အချက် နဲ့ (၂) အချက်ဟာ
NUG ရဲ့ အပိုင်းဖြစ်ပါသည်။
ကျန်သုံးချက်က ကျနော်တို့ သူသူငါငါတို့
လိုက်နာရမယ့် အချက်များဟု ထင်ပါသည်။
ဗျိုင်း သတ္တဝါတွေထက် အသိဉာဏ်ကြီးသော
ကျနော်တို့ လူသားတွေအတွက်
ဘာကြောင့်များ "စုပေါင်းစွမ်းအား" ကို
အသုံးမချနိုင်ရမည်နည်း။
နိဂုံးချုပ် ရရင်
"သမဂ္ဂါနံ တပေါ သုခေါ" ဟူ၏။
ကိုးကား - Sean Covey by:
The 7 Habits of Highly Effective Teens
03/17/2022

မျောက်ကောင်စီ နဲ့ ဥယျာဉ်


 မျောက်ကောင်စီ နဲ့ ဥယျာဉ်

------------------------
တခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒဏ်မင်း စိုးစံတဲ့အချိန်။
ဗြဟ္မဒဏ်မင်းရဲ့ ဥယျာဉ်ကို သာယာလှပအောင်
ဥယျာဉ်မှူးက စနစ်တကျ စောင့်‌ရှောက်ထားပါသည်။
အဲဒီဥယျာဉ်ကြီးထဲမှာ မျောက်တွေလည်း နေထိုင်ကြပါသည်။
တနေ့သောအခါ ဗာရာဏသီမှာ
နက္ခတ်ပွဲသဘင် ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပပါသည်။
ဒီအခါ မင်းဥယျာဉ်ကို စောင့်ရှောက်တဲ့ ဥယျာဉ်မှူးဟာလည်း နက္ခတ်ပွဲ သွားချင်ရှာသည်။
ခက်သည်က တဖက်မှာလည်း ဥယျာဉ်ကို ရေလောင်းဖို့တာ၀န်က ရှိနေပြန်ပါသည်။
ဒါနဲ့ပဲ ဥယျာဉ်ကို ရေလောင်းဖို့ မျောက်တွေကို တာ၀န်ပေးခဲ့ဖို့ အကြံရ၏။
ဒါကြောင့်
ဥယျာဉ်မှူးက မျောက်အကြီးအကဲကို
"အချင်းမျောက်ကြီး … ဤ ဥယျာဉ်ကား သင်တို့အတွက် အလွန် ကျေးဇူးများသည်။
သင်တို့အသီးအပွင့်တို့ကို စားကြရမည်။
ငါတို့ မြို့ထဲသွား၍ နက္ခတ်သဘင် ကစားကြမည်။
ငါတို့မလာမီအတွင်း မလစ်ဟင်းရအောင် သင်ပင်တို့ကို ရေလောင်းနိုင်ပါမည်လော။”
ဟု ဆိုသည်။
မျောက်အကြီးအကဲကလည်း ရေလောင်းပေးဖို့ တာဝန်ယူပါသည်ဟု ဆို၏။
ဥယျာဉ်မှူးဟာ ရေပုံးတွေကို
မျောက်တို့ထံ လွှဲအပ်ပေးပြီး နက္ခတ်ပွဲဆီ ထွက်သွားပါတော့သည်။
ထိုအခါ မျောက်အကြီးအကဲက သူ့လက်အောက်ငယ်သား
မျောက်တွေနဲ့ဥယျာဉ်ကို ရေလောင်းဖို့
"ဥယျာဉ်တော်ရေလောင်းရေးကောင်စီ ဖွဲ့စည်းပါသည်။
မျောက်ကောင်စီအကြီးအကဲ၏
စီမံပုံကတော့ ထူးခြားပါသည်။
“အချင်းကောင်စီဝင်တို့ သစ်ပင်ငယ်တို့ကို နုတ်၍အမြစ်ကိုကြည့်ပြီးလျှင် တဖန်ပြန်စိုက်၍
အမြစ်တိုသော သစ်ပင်တို့ကို ရေနည်းနည်းလောင်းကြပါ။
အမြစ်ရှည်သော သစ်ပင်တို့ကို ရေများများလောင်းကြပါ" ဟူ၍။
ဒီဥယျာဉ်ကြီး ဘာတွေ ဖြစ်သွားမလဲ ဆိုတာ
မိတ်ဆွေတို့ စဉ်းစားကြည့်ပါလေ။
တခုရှိတာက မျောက်တွေက
ဥယျာဉ်မှူးရာထူးကို အတင်းအဓမ္မ သိမ်းပိုက်လုယူ
ကြသည်တော့ မဟုတ်ပါ။
ကျနော်တိုင်းပြည်က မျောက်တွေကတော့
ဘယ်သူကမှ တာဝန်မပေးပဲ
မျောက်ကောင်စီအတင်းဖွဲ့ပြီး
ဥယျာဉ်ကြီးကို ရေလောင်းလိုက်တာ
ယခု မည်သည့် အခြေအနေရောက်ခဲ့ပြီလဲ။
မြတ်စွာဘုရားအလောင်းတော်က
မျောက်တွေ ဥယျာဉ်စောင့်ရှောက်ပုံကို
အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။
“အမောင်တို့… ဥယျာဉ်တော်ဝယ် မျောက်တို့ ရေလောင်းကြသည်ကို ကြည့်ရှုကြကုန်လော့၊ အကျိုးရှိသည်၊မရှိသည်၌ မသိမလိမ္မာသော သူမိုက်သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော်လည်းအကျိုးစီးပွား မဖြစ်ထွန်းနိုင်၊ ဆုတ်ယုတ်ပျက်စီးခြင်းသာ ဖြစ်ရမည်" ဟူ၏။
ကနေ့ ကျနော့်တို့တိုင်းပြည်က
မျောက်ကောင်စီဝင်တို့ ၏ အပြုအမူကို
ဘုရားအလောင်းတော် မြင်လျှင် မည်သို့ ဆိုမည်နည်း။
(ကိုးကား - အာရာမဒူသကဇာတ်)

တချိန်တည်းမှာ ခေတ်နှစ်ခု


 တချိန်တည်းမှာ ခေတ်နှစ်ခု

==============
အချိန်ခရီးသွားခြင်းဆိုတာ
ဖြစ်နိုင်သလား။
ဒီအရာဟာ ဖြစ်နိုင်တယ်လို့
အိုင်းစတိုင်းက သူ့ရဲ့
Special Relativity Theory ထဲမှာဖော်ပြခဲ့ပါသည်။
ဒါပေမယ့် ...
အတိတ်ကို ပြန်သွားဖို့ဆိုတာတော့ ဖြစ်နိုင်ပါ့မလားလို့
မေးခွန်းထုတ်စရာရှိပါသည်။
အိုင်းစတိုင်းရဲ့ ညီမျှခြင်းအရ
အလင်းအလျင်ထက်
ပိုပြီးမြန်သွားမယ်ဆိုရင်တော့
အချိန်ဟာ အနှုတ်ဘက်ကို ပြပြီး အတိတ်ကို ပြန်သွားနိုင်မယ်လို့ ဆို၏။
ဒါပေမယ့်
အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကပဲ အလျင်တိုးလာရင်
သူ့ရဲ့ mass ဟာလဲ တိုးလာတာဖြစ်တဲ့
အတွက် အလင်းအလျင်မှာ သူ့ရဲ့ Mass ဟာ
အနန်တကို
ရောက်ရှိသွားမှာ ဖြစ်တဲ့အတွက်
ဘယ်အရာမှ အလင်းထက် မြန်အောင်
မသွားနိုင်ဘူးလို့ ဆိုပါသည်။
မည်သို့ဆိုစေ ....
ဆရာအောင်သင်းက စာပေဟောပြောပွဲတခုမှာ
အခုလို ပြောသွားပါသည်။
တခါက ဗမာပြည်ကို လေ့လာရေး တခုအတွက်လာတဲ့ ထိုင်းအမျိုးသမီးတယောက်ကို
ဆရာက မေးသည်။
"ဗမာပြည်ကို ဘယ်လို မြင်သလဲ"
ထိုင်းအမျိုးသမီးရဲ့ အဖြေက။
" ကျမ ဒီကိုရောက်လာတော့ အမေတို့ ခေတ်ကို
ပြန်ရောက်သွားသလိုပါပဲ" ဟူ၏။
ရယ်စရာကောင်းသလိုလိုနဲ့ အတော်ဝမ်းနည်းစရာ
ကောင်းပါသည်။
တချိန်က ကျနော်တို့ နိုင်ငံလောက် မဖွံ့ဖြိုးလှတဲ့
နိုင်ငံတွေက အခုအချိန်ကျနော်တို့ နိုင်ငံကိုလာတဲ့အခါ
အချိန်ခရီးသွားသလို လွန်ခဲ့တဲ့ နှစ် (၃၀) လောက်ကခေတ်ကို ပြန်ရောက်သလို ဖြစ်ကြသည်။
ဒါဟာ တိုင်းပြည်ကို ချစ်လှချည်းရဲ့ ဆိုတဲ့သူတွေ
တိုင်းပြည်ကို ဦးဆောင်ဆွဲချခဲ့လို့ဆိုတာ
အသိရှိတဲ့ သူတိုင်း သိကြပါသည်။
ကျနော် မှတ်သားမိသလောက်
လျှပ်စစ်မီးဆိုတာ
သီပေါမင်း နန်းမတက်မီကတည်းက ပေါ်ပေါက်ခဲ့ပါသည်။
သို့သော် ....
ကနေ့ ကျနော်တို့ ဗမာပြည် ပညာရေးဟာ
ဖယောင်းတိုင်မီးနဲ့ မကင်းနိုင်သေးပါ။
ပညာရေးဟာ လျှပ်စစ်မီးပျက်ခြင်းကို
ထင်ဟပ်နေဆဲ။
လျှပ်စစ်မီးပျက်ခြင်းကို အထူးအဆန်းလုပ် နေရသော
ကမ္ဘာကြီးမှာ လျှပ်စစ်မီး လာလျှင် အထူးအဆန်း
လုပ်နေရတာ ကျနော်တို့ ဗမာပြည်သာ ရှိမည်ထင်ပါသည်။
ကမ္ဘာတခုတည်းမှာနေပြီး နှစ်ကမ္ဘာလို ဖြစ်နေရပါသည်။
အချိန်တခုတည်းမှာ ခေတ်နှစ်ခုလိုဖြစ်နေရပါသည်။
ကျောက်ခေတ်မဟုတ်တဲ့
ကြောက်ခေတ်မှာ ကျနော်တို့ နေခဲ့ကြရပါသည်။
ကြောက်ခေတ်မှာ နောက်ကျန်ရစ်ခဲ့ကြပါသည်။
ပြောတာလွယ်ပါတယ် ဆိုကြပေမယ့်
အဲဒီလွယ်တာတွေကို ပြောဖို့တောင်
ကြောက်နေကြရသည် မဟုတ်ပါကလား။