စုပေါင်းစွမ်းအား

Posted by ချမ်းငြိမ်း-မှော်ဝန်း on 5:31 AM with No comments


 စုပေါင်းစွမ်းအား

---------------
ဆောင်းဦးပေါက်ရောက်တဲ့အခါတိုင်း တောင်အရပ်ဆီကို
ဦးတည်ပျံသန်းသွားကြတဲ့
ဗျိုင်းအုပ်တွေကို တွေ့ဖူးကြပါလိမ့်မည်။
ခပ်မြင့်မြင့်ကနေ အင်္ဂလိပ် (V) အက္ခရာပုံနဲ့
အုပ်စုဖွဲ့ပြီး ပျံသန်းလေ့ရှိကြတာ သတိထားမိကြမှာပါ။
အသိဉာဏ်နိမ့်ပါးလှတဲ့ တိရိစ္ဆာန်တွေမို့
ဒါဟာ ကြုံသလိုပျံကြတယ်လို့ မထင်ပါနဲ့။
ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ
အခုပုံသဏ္ဌာန်နဲ့ ပျံသန်းတာဟာ
သူတို့အတွက် အကျိုး (၅) မျိုးရရှိစေပါသည်။
(၁) တကောင်းချင်း ပျံတာထက် အခုလို အုပ်စုဖွဲ့ပြီး
(V) ပုံသဏ္ဌာန် ပျံတာဟာ (၇၁) ရာခိုင်နှုန်း ပိုမိုခရီးတွင်သည်။
( ရှေ့ဆုံးက ဗျိုင်းရဲ့ တောင်ပျံခတ်ချက်ကြောင့်
ဖြစ်ပေါ်လာတဲ့ လေဟုန်ကို နောက်က အကောင်က အသုံးချနိုင်တာကြောင့်)
(၂) ရှေ့ဆုံးက ဦးဆောင်ပျံသန်းနေတဲ့ ဗျိုင်း
မောလာရင် နောက်ကိုအသာဆုတ်ပြီး
သူ့နောက်က ဗျိုင်းကို အစားထိုးသည်။
( ပုံသဏ္ဌာန်ရော ခေါင်းဆောင်မှုပါ မပြတ်)
(၃) နောက်က ဗျိုင်းတွေရဲ့ အော်သံဟာ
ရှေ့က ဦးဆောင်ပျံသန်းသူအတွက်
ခွန်အားဖြစ်စေတယ်။
( ဗျိုင်းတွေရဲ့ အသံဟာ အလကားအော်သံမဟုတ်
ခရီးရှည်အတွက် အားပေးကြွေးကြော်သံ ဖြစ်နိုင်)
(၄) ဗျိုင်းတကောင်ဟာ အကြောင်းတခုခုကြောင့်
အုပ်စုအပြင်ဘက်ကိုရောက်ရင်
အမြန်ဆုံး သူ့နေရာ ပြန်ဝင်တတ်သည်။
( တကောင်ချင်းပျံတာထက် အုပ်စုလိုက်ပျံသန်းရခြင်းရဲ့
အကျိုးကို သိရှိထားတာကြောင့်)
(၅) တကယ်လို့ ဗျိုင်းတကောင်ဟာ
ဒဏ်ရာရလို့ဖြစ်စေ၊ အကြောင်းတခုခုကြောင့်
နောက်ကျ ကျန်ရစ်ခဲ့လျှင်
အခြားဗျိုင်းနှစ်ကောင်က အုပ်စုကခွဲထွက်ပြီး
သူ့ဘေးနှစ်ဖက်မှ ခြံရံပြီး ဖေးမ ပျံတယ်။
သူကျမ်းမာ မှ (ဒါမှမဟုတ်) သေဆုံးမှ
အဖွဲ့ ပြန်ပူးပေါင်းသည်။
( ရဲဘော် ရဲဘက်စိတ်ဓါတ်၊ သစ္စာတရား)
ကျနော်တို့ လူတွေထက် အသိဉာဏ် နိမ့်ပါးတဲ့
ဗျိုင်းတွေဟာ စုပေါင်းစွမ်းအားကို
အသုံးချပြီး သူတို့လိုရာခရီးကို ချီတတ်ကြပါသည်။
ကျနော်တို့ အနေနဲ့ ညီညွတ်မှု (စုပေါင်းစွမ်းအား) ကို
အလေးဂရုပြုဖို့ လိုပါသည်။
စစ်အုပ်စုရဲ့ အင်အားက ဘာလဲ။
ကျနော်တို့ အင်အားကဘာလဲ။
အားမနာတမ်းပြောရရင် စုပေါင်းစွမ်းအားနေရာမှာ
ကျနော်တို့ စစ်အုပ်စုကို ဘယ်တုန်းကမှ မမီခဲ့ပါ။
တဦးအနေနှင့် ကျနော်တို့ အသာရနိုင်တဲ့
စွမ်းအားတွေ ရှိသည့်တိုင်
စစ်အုပ်စုကို ကျနော်တို့ ဘယ်တုန်းကမှ
အသာစီး မထိုးနှက် နိုင်ခဲ့ပါ။
အကြောင်းက ရှင်းပါသည်။
ပြဿနာကို သိကြပါသည်။
ပြဿနာ ဖြေရှင်းနည်း ကိုလည်းသိကြပါသည်။
သို့သော်
ပြဿနာ ဖြေရှင်းတဲ့ အလုပ်ကို
စုပေါင်း မလုပ်နိုင်ကြခြင်း ဖြစ်ပါသည်။
သဘောတရား နဲ့ ပြဿနာကို ဘယ်ဟာ
အရင်ရှင်းမလဲဆိုတာကို အငြင်းပွားရင်း
ပြဿနာ ကိုလည်း မရှင်းနိုင်၊
သဘောတရားကိုလည်း မဆွေးနွေးနိုင် ဖြစ်နေကြလို့ပါ။
ထား၊ ဒီအကြောင်း နောက်မှ တင်ပြပါမည်။
ကနေ့ နွေဦးတော်လှန်ရေးနှင့်
စုပေါင်းစွမ်းအား အကြောင်းပြောပါမည်။
ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ၊
အားရသည်ဖြစ်စေ၊ အားမရသည်ဖြစ်စေ
ဒီတော်လှန်ရေးကို ဦးဆောင်ပျံသန်းနေတာ
(NUG) ဖြစ်သည်ကို ဘယ်သူမှ မငြင်းနိုင်ပါ။
အဲဒီဦးဆောင်မှုအောက်ကနေ လိုက်ပါမည်ဆိုလျှင် ကျနော်တို့ လိုရာပန်းတိုင်ကို
အမြန်ဆုံး ရောက်မည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်ငါးချက်အရ
(၁) အချက် နဲ့ (၂) အချက်ဟာ
NUG ရဲ့ အပိုင်းဖြစ်ပါသည်။
ကျန်သုံးချက်က ကျနော်တို့ သူသူငါငါတို့
လိုက်နာရမယ့် အချက်များဟု ထင်ပါသည်။
ဗျိုင်း သတ္တဝါတွေထက် အသိဉာဏ်ကြီးသော
ကျနော်တို့ လူသားတွေအတွက်
ဘာကြောင့်များ "စုပေါင်းစွမ်းအား" ကို
အသုံးမချနိုင်ရမည်နည်း။
နိဂုံးချုပ် ရရင်
"သမဂ္ဂါနံ တပေါ သုခေါ" ဟူ၏။
ကိုးကား - Sean Covey by:
The 7 Habits of Highly Effective Teens
03/17/2022
Categories: