မျောက်ကောင်စီ နဲ့ ဥယျာဉ်

Posted by ချမ်းငြိမ်း-မှော်ဝန်း on 5:30 AM with No comments


 မျောက်ကောင်စီ နဲ့ ဥယျာဉ်

------------------------
တခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒဏ်မင်း စိုးစံတဲ့အချိန်။
ဗြဟ္မဒဏ်မင်းရဲ့ ဥယျာဉ်ကို သာယာလှပအောင်
ဥယျာဉ်မှူးက စနစ်တကျ စောင့်‌ရှောက်ထားပါသည်။
အဲဒီဥယျာဉ်ကြီးထဲမှာ မျောက်တွေလည်း နေထိုင်ကြပါသည်။
တနေ့သောအခါ ဗာရာဏသီမှာ
နက္ခတ်ပွဲသဘင် ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပပါသည်။
ဒီအခါ မင်းဥယျာဉ်ကို စောင့်ရှောက်တဲ့ ဥယျာဉ်မှူးဟာလည်း နက္ခတ်ပွဲ သွားချင်ရှာသည်။
ခက်သည်က တဖက်မှာလည်း ဥယျာဉ်ကို ရေလောင်းဖို့တာ၀န်က ရှိနေပြန်ပါသည်။
ဒါနဲ့ပဲ ဥယျာဉ်ကို ရေလောင်းဖို့ မျောက်တွေကို တာ၀န်ပေးခဲ့ဖို့ အကြံရ၏။
ဒါကြောင့်
ဥယျာဉ်မှူးက မျောက်အကြီးအကဲကို
"အချင်းမျောက်ကြီး … ဤ ဥယျာဉ်ကား သင်တို့အတွက် အလွန် ကျေးဇူးများသည်။
သင်တို့အသီးအပွင့်တို့ကို စားကြရမည်။
ငါတို့ မြို့ထဲသွား၍ နက္ခတ်သဘင် ကစားကြမည်။
ငါတို့မလာမီအတွင်း မလစ်ဟင်းရအောင် သင်ပင်တို့ကို ရေလောင်းနိုင်ပါမည်လော။”
ဟု ဆိုသည်။
မျောက်အကြီးအကဲကလည်း ရေလောင်းပေးဖို့ တာဝန်ယူပါသည်ဟု ဆို၏။
ဥယျာဉ်မှူးဟာ ရေပုံးတွေကို
မျောက်တို့ထံ လွှဲအပ်ပေးပြီး နက္ခတ်ပွဲဆီ ထွက်သွားပါတော့သည်။
ထိုအခါ မျောက်အကြီးအကဲက သူ့လက်အောက်ငယ်သား
မျောက်တွေနဲ့ဥယျာဉ်ကို ရေလောင်းဖို့
"ဥယျာဉ်တော်ရေလောင်းရေးကောင်စီ ဖွဲ့စည်းပါသည်။
မျောက်ကောင်စီအကြီးအကဲ၏
စီမံပုံကတော့ ထူးခြားပါသည်။
“အချင်းကောင်စီဝင်တို့ သစ်ပင်ငယ်တို့ကို နုတ်၍အမြစ်ကိုကြည့်ပြီးလျှင် တဖန်ပြန်စိုက်၍
အမြစ်တိုသော သစ်ပင်တို့ကို ရေနည်းနည်းလောင်းကြပါ။
အမြစ်ရှည်သော သစ်ပင်တို့ကို ရေများများလောင်းကြပါ" ဟူ၍။
ဒီဥယျာဉ်ကြီး ဘာတွေ ဖြစ်သွားမလဲ ဆိုတာ
မိတ်ဆွေတို့ စဉ်းစားကြည့်ပါလေ။
တခုရှိတာက မျောက်တွေက
ဥယျာဉ်မှူးရာထူးကို အတင်းအဓမ္မ သိမ်းပိုက်လုယူ
ကြသည်တော့ မဟုတ်ပါ။
ကျနော်တိုင်းပြည်က မျောက်တွေကတော့
ဘယ်သူကမှ တာဝန်မပေးပဲ
မျောက်ကောင်စီအတင်းဖွဲ့ပြီး
ဥယျာဉ်ကြီးကို ရေလောင်းလိုက်တာ
ယခု မည်သည့် အခြေအနေရောက်ခဲ့ပြီလဲ။
မြတ်စွာဘုရားအလောင်းတော်က
မျောက်တွေ ဥယျာဉ်စောင့်ရှောက်ပုံကို
အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။
“အမောင်တို့… ဥယျာဉ်တော်ဝယ် မျောက်တို့ ရေလောင်းကြသည်ကို ကြည့်ရှုကြကုန်လော့၊ အကျိုးရှိသည်၊မရှိသည်၌ မသိမလိမ္မာသော သူမိုက်သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော်လည်းအကျိုးစီးပွား မဖြစ်ထွန်းနိုင်၊ ဆုတ်ယုတ်ပျက်စီးခြင်းသာ ဖြစ်ရမည်" ဟူ၏။
ကနေ့ ကျနော့်တို့တိုင်းပြည်က
မျောက်ကောင်စီဝင်တို့ ၏ အပြုအမူကို
ဘုရားအလောင်းတော် မြင်လျှင် မည်သို့ ဆိုမည်နည်း။
(ကိုးကား - အာရာမဒူသကဇာတ်)
Categories: ,