ကျနော်တို့မြို့လေးရဲ့ ဆောင်းဦးမှတ်တမ်း

Posted by ချမ်းငြိမ်း-မှော်ဝန်း on 7:11 PM with No comments

 


ကျနော်တို့မြို့လေးရဲ့ ဆောင်းဦးမှတ်တမ်း

---------------------------
ဒီနှစ်ဆောင်းက ကျနော်မြို့လေးဆီကို ယုန်တကောင်ပြေးလွှားသလို၊
တိုးရစ် ဇာတ်ကားထဲမှာ
အင်ဒီယာနာဂျိုးလီ ရဲ့ ကင်မရာကိုကျောပေးပြီး
လမ်းလျှောက်ပုံလို၊
ဆောင်းဦးဟာ အပူချိန် နိမ့်တုံ မြင့်တုံနဲ့ ရောက်လာခဲ့တယ်။
သစ်ရွက်စိမ်းစိမ်းတွေဟာ သတိမထားမိစဉ်မှာပဲ
ကလေးငယ်တယောက်ဆွဲတဲ့ ပန်းချီကားတချပ်လိုဖြစ်သွားတယ်။
တခါတခါ ကျနော်အမည်မသိတဲ့ ငှက်တအုပ်ဟာ
နီညိုရောင် တိမ်တိုက်တခုလို အလင်းမဖေါက်အောင် စုစုစည်းစည်းလွှင့်မျောလာတတ်တယ်။
ကျနော်စဉ်းစားမိတယ်။
ရိုးတံကျဲကျဲ ဆောင်းမှာ သူတို့ ဘယ်မှာအသိုက်ဖွဲ့ကြသလဲပေါ့။
ဒီအရပ်မှာ ထင်းရူး၊ မေပယ်နဲ့ ဝက်သစ်ချကလွဲရင် ကျန်တာကျနော်မသိတဲ့ အပင်တွေချည်း။
ဆောင်းဦးမှာ ဒီအပင်တော်တော်များက
လိပ်ပြာတွေ ပင်လုံးပြည့် နားနေသလို၊
သင်္ကြန်မိုးတပြိုက်ကျအပြီး ငုနဲ့ ပိတောက်ပန်းတွေ ပင်လုံးပြည့်ပွင့်နေသလို၊ တချို့အပင်တွေက
မီးတောက်တွေ လျှံထွက်နေသလို မြင်ရတယ်။
အဲဒါက သိပ်တော့ မကြာလှဘူးရယ်။
ဆောင်းဦးလေပြင်းတွေက ရေခဲမြားတွေလို
သူတို့အပေါ် ကျရောက်လာတဲ့အခါ၊
လိပ်ပြာတွေလွှင့်ပျောက်၊ ပန်းတွေမြေခ၊
မီးလောင်ကျွမ်းပြီးစ မြင်ကွင်းကို မြင်ရသလို
ရိုးတံကျဲကျဲနဲ့ အကျည်းတန်သွားတော့တယ်။
အအေးဒဏ်ကြောင့် ကန်ရေပြင်တွေက အပျိုစင်တယောက်ရဲ့
ရင်သားလို တင်းတင်းရင်းရင်းဖြစ်လာတဲ့အခါ
ဘဲငန်းတွေက ကျနော့်သူငယ်ချင်းတယောက်
မူးပြီးသီချင်းဆိုသလို စည်းချက်မကျတဲ့
ဂီဂီဂေါ်ဂေါ် အသံပေးပြီး အိန္ဒြေကြီး
တခွဲသားတွေနဲ့ ကားလမ်းတွေပေါ်
မီးရထားတွဲကြီးခုတ်မောင်းသလို တန်းစီပြီး လမ်းသလားကြတယ်။
အဲဒါ အတော်မုန်းစရာကောင်းတယ်ဗျ။
သူတို့ လမ်းသလားချိန်မှာ အစိုးရယာဉ်တန်းနဲ့
တွေ့သလို ကျနော်တို့ကားတွေက ရပ်ပေးကြရတယ်။
ဒီနှစ်ဆောင်းဦးမှာ နှင်းတွေက ၁၀ လပိုင်းမှာ
အလစ်ငိုက်ဝင်တိုက်ခိုက်လာတယ်။
ကြည့်လိုက်ရင် စံပယ်ပန်းတွေဖြူဖြူလွှလွှ
လွင့်မျောနေသလို ထင်ရပေမယ့်
အမျိုးသမီးတယောက် ဒေါသထွက်နေတဲ့အကြည့်လို အေးစက်စက်နဲ့ စူးရဲလှတယ်။
ရေခဲမှတ်အောက်ရောက်နေတဲ့ အပူချိန်ဒီဂရီမှာ
နှင်းစက်တွေ အနမ်းခံရတဲ့အခါ သူ့အထိအတွေ့က ပါးပြင်ကနေ ခြေသန်းလေးအထိ 
အအေးဓါတ်ခံစားမှုက သက်ရောက်တယ်။
အလင်းဖေါက်တဲ့ ပြတင်းကနေ နောက်ဖေးနှင်းမြေပြင်မှာ 
ရှဉ့်ကောင်လေးတွေ နှင်းနဲ့ဆော့ကစားတာကို ချောင်းကြည့်ရတာ အရသာတမျိုးဗျ။
ဒီကောင်တွေက ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက် ရင်ဘက်ကပ်ပြီး
လုပ်ခုပ်တီးသလို လုပ်နေပုံက ချစ်စရာကောင်းလှတယ်။
နှင်းလွှမ်းနေတဲ့ညရဲ့ အရောင်ဟာ ငွေရောင်လဲ့လဲ့။
ဆောင်းဦးကို ကျနော်မကြိုက်တာတခုက
ကျနော့် ချဉ်ပေါင်ခင်းတွေခဗျာ စုန်းစုပ်သလို
ရိုးတံနီနီလေးတွေ တွန့်လိမ်ညွှတ်ကျသွားရလို့ပဲ။
ကျနော်တို့ မြို့လေးရဲ့ ရာသီဥတုကိုခန့်မှန်းရတာက
ကမ္ဘာ့ဖလားပွဲ ခန့်မှန်းရသလို ခက်လှတယ်။
ဆောင်းဦးဟာ ဆင်တကောင်ရဲ့ ခွန်အားနဲ့ ကျိုးနွံမှုလို
အပူချိန်ဒီဂရီဟာ အချိုးမကျလှ။
ဒီမြို့လေးရဲ့ ဆောင်းဦးဟာ အရမ်းလှတယ်။
ပြီးတော့အရမ်းလည်း အကျည်းတန်တယ်။
အရမ်းလည်း ချစ်စရာကောင်းတယ်။

ချမ်းငြိမ်း-မှော်၀န်း
#CN
11/24/2022 
Categories: ,