သေသူကို ကြောက်ရွံ့နေကြသူများ

Posted by ချမ်းငြိမ်း-မှော်ဝန်း on 7:39 AM with No comments

သေသူကို ကြောက်ရွံ့နေကြသူများ
---------------------------
၁။
၁၉၅၀ ဩဂုတ်လ ၁၄ ရက်၊မိုးသည်းထန်သောနေ့
ထိုနေ့မှာ ကရင်အမျိုးခေါင်းဆောင်ကြီး
စောဘဦးကြီး တိုက်ပွဲမှာ ကျဆုံးသွားပြီဟု
ကြေညာခဲ့သည်။
စောဘဦးကြီး၏ ရုပ်အလောင်းကို
မော်လမြိုင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး
စစ်လေယာဉ်နှင့်သယ်ကာ
ပင်လယ်အဝေးတနေသို့ သွားရောက်ပစ်ချကာ
အလောင်းကို ဖျောက်ဖျက်ခဲ့ကြပါသည်။
သက်မဲ့ ခန္ဓာကို ဘယ်လိုပဲ ဖျောက်ဖျက်ခဲ့စေကာမူ
ကရင်အမျိုးသားတို့၏ နှလုံးသား၌
စောဘဦးကြီးသည် အစဉ်အမြဲရှင်သန်နေသလို
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲနေသော လူသားတိုင်းကလည်း စောဘဦးကြီးကို
အမြဲအမှတ်ရနေမည်သာ။
၂။
၁၉၆၇ အောက်တိုဘာလ ၉ ရက်၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်၊
" မင်း ငါ့ကိုသတ်ဖို့လာတယ်ဆိုတာ ငါသိတယ်။
ကဲ ပစ်စရာရှိတာ ပစ်ကွာ။
သူရဲဘောကြောင်တဲ့ကောင် ပစ်။
မင်းက လူသတ်သတ်ဖို့ဖြစ်လာကောင်ပဲ။"
ရဲဘော်ချေသည် သူ့အားသတ်မည့် အာဏာသားကို ရဲရဲရင့်ရင့်ပြောပြီး မျက်လုံးဖွင့်လျှက်
သေခြင်းကို ရင်ဆိုင်သွားခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်၊ ချေ သေဆုံးပြီး
၂ ရက်အကြာ၊ မိုးဖွဲဖွဲကျနေသည့်ည။
လူသတ်သမားတို့သည် ရဲဘော်ချေနှင့်
ပြောက်ကျားစစ်သည်နှစ်ဦး၏ ရုပ်အလောင်းများကို
ထရပ်ကားတစီးပေါ်တင်ပြီး ကင်းဗတ်စများဖြင့် အုပ်ကာ ကားမောင်းထွက်လာ၏။
လေဆိပ်ဟောင်းတခုအနီးသို့ ရောက်သောအခါ
ကားကို ရပ်လိုက်၏။
သူတို့သည် ဘူလ်ဒိုဇာတစီးကို ယူကာ
၁၈ ပေ အနက်၊ ပေ ၃၀ အကျယ် တွင်းတတွင်းကို
တူးလိုက်ကြသည်။
ထိုနောက် တွင်းထဲကို အလောင်းတွေ ပစ်ချ၏။
ဘူလ်ဒိုဇာနှင့် မြေတွေဖို့ပစ်၏။
​ကမ္ဘာကျော်တော်လှန်ရေးသမားကြီးဖြစ်သော
ချေဂွေဗားရား၏ ရုပ်အလောင်းသည်
စိုစွတ်စွတ်၊ အေးစက်စက် အမှောင်ညတွင် ထိုသို့
ဖျောက်ဖျက်ခံခဲ့ရပါသည်။
သို့သော် ...
ထိုအဖြစ်အပျက်ဖြစ်ပြီ နှစ်ပေါင်း ၃၀ အကြာ ၁၉၉၇ ခုနှစ်တွင်၊ ဘူမိဗေဒပညာရှင်များနှင့်
မနုဿဗေဒပညာရှင်များက
ချေ၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုနည်းတူ
အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်တိုက်ခိုက်နေကြသည့် မည်သူမဆို
သူတို့၏ နှလုံးသား၌ ချေဂွေဗားရားသည်
ထာဝရရှင်သန်နေမည့် သူရဲကောင်းတယောက်
ဖြစ်ပါသည်။
၃။
လူတချို့သည် အသက်ရှင်စဉ်ကပင်
သေဆုံးနေကြပါသည်။
လူတချို့သည်ကား ရုပ်ခန္ဓာသေဆုံး ဖျောက်ဖျက်ခံရပေမယ့်
နာမည်နဲ့ ဂုဏ်သတင်းသည်ကား
ကမ္ဘာတည်သရွေ့ ထာဝရရှင်သန်နေမည် ဖြစ်သည်။
လူတချို့သည် သေမည်ကို သိသော်လည်း
မကြောက်မရွံ့ရင်ဆိုင်နိုင်ကြသည့်တိုင်
လူတချို့ကမူ သေသူကိုပင် ကြောက်ရွံ့နေကြသည်။
ကနေ့ မြန်မာ့နွေဦးတော်လှန်ရေးသည်
သေဆုံးပြီသူများနှင့် ထာဝရရှင်သန်နေမည့်
သူတို့၏ တိုက်ပွဲဖြစ်သည်။
အဆုံးသတ်မှာ
" တရားတဲ့သူသာ နိုင်ကြေးဟေ့"။

(( စစ်အုပ်စု၏ သတ်ဖြတ်ဖျောက်ဖျက်ခံရသော
သူရဲကောင်းများအား အလေးနီဖြင့်))

ချမ်းငြိမ်း-မှော်ဝန်း
#CN
07/31/2022 


 

Categories: